လွယ်ကူသက်သာ ဝါးရုံမြေ သဘာဝမြေသြဇာ

တောင်သူ လယ်သမားများသည် မြေဆီလွှာကို ကောင်းအောင် ပြုပြင်မွမ်းမံ၍ သီးနှံများ အထွက်ကောင်းအောင် စိုက်ပျိုးကြရသည်။ သီးနှံပင်များသည် ၎င်းတို့ အသက်ရှင် ကြီးထွားဖွံ့ဖြိုးရန်နှင့် သားဆက် ပြန့်ပွားရန်အတွက် သီးနှံပင်အမြစ်များက မြေတွင်းမှ အာဟာရများကို စုပ်ယူပြီး နေရောင်ခြည်ဖြင့် အစာချက်လုပ်ရသည်။သို့အတွက်မြေဆီလွှာအတွင်း ရူပစွမ်းရည်၊ ဓာတုစွမ်းရည်၊ ဇီဝစွမ်းရည်နှင့် ပြည့်ဝနေပြီး အာဟာရများနှင့် ပြည်ဝနေရန် လိုအပ်သည်။ မြေဆီလွှာသည် အဆိုပါစွမ်းရည်သုံးရပ် နှင့် ပြည့်ဝနေမှသာ မြေဆီလွှာအရှင်အဖြစ်ရှိပြီး သီးနှံကောင်းစွာ အထွက်တိုးနေမည်။ စွမ်းရည်သုံးရပ်နှင့် မပြည့်စုံလျှင် မြေဆီလွှာ အသေဖြစ်နေပြီး သီးနှံအထွက် ဆုတ်ယုတ်စေသည်။


မြေဆီလွှာအတွင်းရှိ စွမ်းရည် (၃)ရပ်အနက် ဇီဝစွမ်းရည်သည် ပဓာနအကျဆုံး ဖြစ်သည်။ ဇီဝစွမ်းရည်တွင် မှိုမျှင်များ၊ ဘက်တီးရီးယားများ၊ ယိစ်များ၊ အင်ဇိုင်းများ၊ အနုဇီဝများ ပါဝင်ကြသည်။ အဆိုပါ ဇီဝသက်ရှိများ ရှင်သန်နေမှသာ မြေဆီလွှာအတွင်းရှိ ဝတ္တုပစ္စည်းများ (မြက်၊ပေါင်း၊ သစ်ပင် အကြွင်းအကျန်များ၊ သစ်ပင်အပိုင်းအစများ၊ သစ်ပင်အမှော်အမှိုက်များ) မြန်မြန်နှင့် ကောင်းစွာ ဆွေးမြေ့မှုကို ပေးစွမ်းနိုင်ပါသည်။ မြေဆီလွှာ အတွင်း မြေဆွေးများအဖြစ် ပွားများရပ်တည်နေမှသာ အပင်ကလိုအပ်သည့် အာဟာရဓာတ်များ (မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်) ကို အပင်အမြစ်က လွယ်ကူစွာ စုပ်ယူစားသုံးနိုင်ပါသည်။
မြေဆီလွှာအတွင်း ဇီဝစွမ်းရည် တိုးတက်မြင့်မားလာစေရန်အတွက် လွယ်ကူသက်သာပြီး အကျိုးရှိစေမည့် ဝါးရုံမြေ မှို(ဒိုချက်ကင်း) အကြောင်း မိတ်ဆက်ပေးချင်ပါသည်။ ဒိုချက်ကင်းဟူသော ဝေါဟာရသည် ဂျပန်စကား၊ အသုံးအနှုန်းဖြစ်သည်။ ဒိုချက်ကင်းမှိုကို ဝါးရုံမြေ၊ သစ်တောမြေရှိသည့် ဒေသတိုင်းတွင် လွယ်လွယ်ရရှိနိုင်သော သဘာဝဇီဝမြေဩဇာဖြစ်သည်။ ဝါးရုံပင်အောက် သစ်တောမြေအောက်တွင် ဝါးရုံရွက်များ၊ သစ်တောရွက်များ နှစ်နှစ်၊ သုံးနှစ်ကြာ ကြွေကျဆွေးမြေ့နေသော အဆွေးအမြေ့ များတွင် ဒိုချက်ကင်းမှိုကို တွေ့ရှိရသည်။
အဆိုပါ ဝါးရုံမြေ (ဒိုချက်ကင်း) သဘာဝဇီဝ မြေဩဇာကို လူတို့မှ ပြုပြင်ဖန်တီး ထုတ်လုပ်ရာတွင် အဆင့်နှစ်ဆင့်ဖြင့် ထုတ်လုပ်ရသည်။ ပထမအဆင့်မှာ ဝါးရုံမြေ ဒိုချက်ကင်းမှိုများ မွေးမြူခြင်းနှင့် ဒုတိယ အဆင့်မှာ ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇီဝ မြေဩဇာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်အသုံးပြုခြင်း ဖြစ်
သည်။
ပထမအဆင့် ဝါးရုံမြေ ဒိုချက်ကင်းသဘာဝ ဇီဝမှိုများ မွေးမြူရာတွင် ဝါးရုံပင်အောက်တွင် နှစ်ကြာရှည်စွာ ဆွေးမြေ့နေသော အပေါ်ယံဝါးရွက်ဆွေး သစ်ရွက်ဆွေးများကို တုတ်ဖြင့်သပ်ဖယ်ပြီး အောက်မှာရှိသော မြေဆွေးထု ခြောက်လက်မထုခန့် အချင်းသုံးပေအကျယ်ကို ပေါက်ပြားနှင့် တူးဆွရန် လိုပါသည်။ မတူးဆွမီ ရေလေးဂါလံကို တင်လဲရည် (ထန်းညက်ရည်) တစ်ပုလင်းနှင့် ရောစပ်ပြီး သမအောင်
မွှေထားရသည်။ ထို့နောက် ဖွဲနုသုံးပြည်ခန့်ကို ပေါက်ပြားနှင့်တူးဆွထားသော မြေဆွေးပေါ်သို့ ညီညာအောင် ဖြန့်ဖြူးပေးရန် လိုပါသည်။ မြေဆွေးနှင့် ဖွဲနုကို သမအောင် ပေါက်ပြားနှင့် မွှေပေးရပါသည်။ ထို့နောက် ၎င်းမြေဆွေး၊ ဖွဲနုအရောပေါ်သို့ တင်လဲဖျော်ရည်ကို ရေပန်းကရားဖြင့် ဖြန်းပေးပြီး သမအောင်ပေါက်ပြားနှင့် မွှေပေးရပါသည်။ တင်လဲရည်ကို အနေတော်ဖြစ်အောင် ချိန်ဆဖျန်းပေးရန် လိုပါသည်။ မြေဆွေးနှင့် ဖွဲနုအရောကို တင်လဲရည်ဖျန်းပြီး လက်နှင့်ဆုပ်ကြည့်ပါက မြေလုံးမကွဲလျှင် အနေတော်ဖြစ်သည်။
ဝါးရုံမြေဆွေး၊ မြေဆွေး၊ ဖွဲနု၊ တင်လဲ ရည်ဖျန်းပေးပြီးပါက မျက်နှာပြင်ညီအောင် ဖြန့်ပြီး ၎င်းအပေါ်သို့ ကနဦးက ဘေးဖယ်ထားသော ဝါးရွက်ဆွေးများဖြင့် ပြန်လည်ဖုံးအုပ် ပေးထားရမည် ဖြစ်သည်။ ၎င်းအပေါ်မှ ပီနံအိတ်ခွံ၊ ပလပ်စတစ် စသည်များနှင့် လုံအောင်ဖုံးအုပ်ပေးထားရန် လိုအပ်ပါသည်။ စတင်အုပ်ပေးသည့်နေ့မှ လေးရက်မြောက်သောနေ့တွင် ဖုံးအုပ်ထားသော ပီနံအိတ်ခွံ၊ ပလပ်စတစ်များကို လှန်ကြည့်ပါက ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇီဝ မှိုမျှင် ကလေးများ ဖွေးနေအောင် များစွာထွက်ရှိနေသည်ကို တွေ့ရသည်။ မှိုမျှင်များ၏အနဲ့သည် ချိုမွှေးစူးရှသည်။ လက်ဖြင့် စမ်းကြည့်ပါက အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်မှ ၇၀ ဒီဂရီ စင်တီဂရိတ်ခန့် ရှိနေသည်ကို တွေ့ရသည်။ အပူချိန်သည် တဖြည်းဖြည်း လျော့
သွားပြီး ပထမအဆင့်ပြီး ဆုံးပါသည်။
ဒုတိယအဆင့်မှာ ဝါးရုံမြေ ဒိုချက်ကင်းသဘာဝဇီဝမြေဩဇာ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်အသုံးပြုခြင်း ဖြစ်ပါသည်။ ပထမဦးစွာ သစ်ပင် အရိပ်အာဝါသ အောက်တွင် စပါးခွံများကို ခြောက်ပေပတ်လည်အမြင့် ခြောက်လက်မရရှိအောင် ပုံရပါမည်။ ၎င်းအပေါ်မှ ကောင်းစွာဆွေးနေသော နွားချေး၊ မြေဆွေး ခြောက်လက်မထုရရှိအောင် ဖြန့်ခင်းပေးရသည်။ ထို့နောက် အပေါ်မှ မွေးမြူထားသော ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇီဝမှိုများကို လက်ဖြင့်ဆယ်ဆုပ်ခန့် ညီညာအောင် ဖြန့်ပေးပြီး ရေဖျန်းပေးရန် လိုပါသည်။ ရေဖျန်း ပေးပြီးပါက အပေါ်မှ ကောက်ရိုး (သို့) မြက်ခြောက်များ လုံလောက်ဖြန့်ခင်းပြီး ပိပြားသွားအောင် ခြေထောက်နှင့် နှံ့စပ်သွားအောင် နင်းပေးရသည်။ ၎င်းပေါ်မှ ရေမနည်း၊ မများ ဖျန်းပေးရန် ဖြစ်သည်။ ဤသို့ ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇီဝမြေဩဇာ ပြုလုပ်ခြင်းကို ခြောက်လက်မထု သုံးလွှာတစ်ထပ် သတ်မှတ်ပြီး အထပ်လေးထပ်၊ ငါးထပ်မြင့်အောင်၊ (အမြင့် ငါးပေခွဲ၊ခြောက်ပေ) ထိ ပြုလုပ်ရပါသည်။ ၎င်းကို မြေဆွေးတစ်ပုံဟု သတ်မှတ်ပါသည်။ နောက်ဆုံး အပေါ်ဆုံးအထပ်ပေါ်မှာ စပါးခွံနှင့် လုံအောင်ဖုံးအုပ်ပေးထားရန် ဖြစ်ပါသည်။ ပြုလုပ်ထားသော မြေဆွေးပုံပေါ်တွင် ပလပ်စတစ်၊ ပီနံအိတ်ခွံများ ဖုံးအုပ်ပေးထားနိုင်ပါက မြန်မြန်ဆွေးလွယ်ပါသည်။ မြေဆွေးပုံကို နေပူထဲတွင် မပြုလုပ်ရပါ။ မြေဆွေးပုံလုပ်ပြီး သုံးလေးရက်ကြာလျှင် အပုံထဲ၌ အပူချိန်တက်လာပါသည်။ သုံးလေးပတ်ကြာလျှင် အပူချိန် တဖြည်းဖြည်း
လျော့ကျသွားပြီး နောက်ဆုံးတွင် အပူချိန် လုံးဝမရှိတော့ပါ။
အပူချိန်လျော့ကျသွားပါက အတွင်း၊ အပြင် သမသွားစေရန် အပုံကို နေရာရွှေ့ပုံ ရပါသည်။ အပုံနေရာရွှေ့သည့်အခါ ခြောက်လက် မထုရအောင် ဖြန့်ခင်းလိုက်၊ ရေဖျန်းလိုက် လုပ်ပေးရပါသည်။ အပုံပြောင်းရွှေ့ခြင်းနှစ်ကြိမ် ပြုလုပ်ပြီးသောအခါ ၉-၁၀ ပတ်ကြာ အသုံးပြု၍ ရနိုင်သော ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇီဝမြေဩဇာကို ရရှိပါသည်။ အနံ့၊ အပူချိန်လုံးဝမရှိတော့ပါ။ ဒိုချက်ကင်း ဇီဝမှိုမျှင်ကလေးများ မြေဆွေး ပုံတစ်ပုံလုံးကို ပွားများပျံ့နှံ့၍ ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။
သီးနှံစိုက်ခင်းများတွင် အသုံးပြုသောအခါ မြေဆီလွှာအတွင်း ဝါးရုံမြေဒိုချက်ကင်း သဘာဝဇီဝမှိုမျှင်ကလေးများ ပွားများ ပျံ့နှံ့သွားပါသည်။ ဓာတုပစ္စည်း မပါဝင်သဖြင့် သဘာဝမြေဩဇာစစ်စစ် ဖြစ်ပါသည်။ ယခုခေတ်စားလာသော ဓာတုဓာတ် ကြွင်းကင်းစင်ရေး လုပ်ငန်းစဉ်နှင့် သဘာဝမြေဩဇာနှင့် သီးနှံထုတ်လုပ်ရေး လုပ်ငန်း စဉ်တွင် ပိုမိုအသုံးပြုသင့်ပါသည်။
ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇီဝမြေဩဇာသည် စိုက်ပျိုးရေးသာမက ဝက်မွေးမြူရေး၊ ကြက်မွေးမြူရေးခြံများတွင် အောက်ခံ အခင်းအဖြစ် အသုံးပြုပါက အနံ့ကင်း၊ ရောဂါကင်းစေ၍ အကျိုးများစေနိုင်ပါသည်။ မြေဆီလွှာပျက်သုဉ်းခြင်းကို ကာကွယ်ကုသရန်အတွက် အကောင်းဆုံးသဘာဝမြေဩဇာပင် ဖြစ်ပါသည်။
“ပင်ဝါးရုံ ဟိုအောက်နားဆီက၊
မြေသားဟာ သိကြားပေးတဲ့ဆေးလိုပ၊
စပါးထွက်ရေးကို လွန်အားပေးပါလို့၊
အာဟာရဇီဝမှိုတွေက အလျှံပယ်၊
မြေဆီလွှာပြင်ဖို့ အတွက် အလွန်ကောင်း။
ဓာတ်မြေကို ရေရှည်သုံးရင်ဖြင့်၊
မြေဆီလွှာ ကြာရင်ပျက်သုဉ်းမှာမို့၊
အချိန်မဖြုန်းခင် အမြန်ကြုံးလို့ရယ် ဦးကြီးတို့ရေ သုံးကြစေကြောင်း”. . .
Credit - အောင်ဆန်း (စိုက်ပျိုးရေး)

Share this article

About us

We established Myanma Shwe Nagar Agricultural Group Co.,Ltd since 2004 in Myanmar .

 

We had mainly invested in agriculture by doing production and distribution of Fertilizers, insecticides, herbicides and some plants growth regulators, hormones which all are essential inputs used in all farms to get crop high yield.

Last posts

Contact Us

 No.402 ,U Phoe Hlaing Street Shwe Lin Ban Industrial Zone Hlaing Thar Yar Tsp,Yangon, Myanmar .

 myanmashwenagaroffice@gmail.com

 09253322255, 09253322266, 09253322277, 09253322288,09450601897