စပါးပေါင်းမြက် ကာကွယ်နှိမ်နင်းရေး နည်းပညာ

စပါးပေါင်းမြက် ကာကွယ် နှိမ်နင်းခြင်းသည် စပါးအထွက်နှုန်း မြင့်မားရန် မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်း တစ်ရပ် ဖြစ်လာပါသည်။

အကြောင်းရင်းများမှာ-

-ယခင်က အပင်အရပ်ရှည်ပြီး အရွက်ဧရိယာ များပြားသော ဒေသစပါးမျိုး (Local Variety) ကို စိုက်ပျိုးခဲ့ရာမှ ယခုအခါ အပင်အရပ်ပု၊ သက်တမ်းတို၊ ပင်စည် ထောင်မတ် သော ခေတ်သစ်မျိုး (ModernVariety) ကို စိုက်လာခြင်း၊

-ကုန်ကျစရိတ် မြင့်မားခြင်းကြောင့် ပျိုးထောင် ကောက်စိုက် (Transplanting) အစား တိုက်ရိုက်ကြဲပက် (Broadcasting) စိုက်မှု တိုးပွားလာခြင်း၊

ယခင်က စပါးတစ်သီးသာ (မိုးစပါး -မြေလှပ်သီးနှံပုံစံ) စိုက်ခြင်းမှ စပါးပြီးစပါး (စပါး- စပါးသီးနှံပုံစံ) စိုက်ခြင်း၊

-စပါးပြီး ပဲမျိုးစုံစိုက်မည့် အစား စပါးပြီးစပါး (စပါး-စပါးသီးနှံပုံစံ) စိုက်ခြင်း၊

-မိုးနည်းပါးခြင်း၊ ရွာသွန်းမှု ပုံမမှန်ခြင်း၊

-ဆည်ရေ/ သွင်းရေ ရရှိမှု အကန့်အသတ် ဖြစ်ခြင်း၊

-ထွန်ရေး ပြုပြင်ရာတွင် တမန်း ပုပ်စပ်မှုမရှိခြင်း စသည်တို့ကြောင့် ဖြစ်ပါသည်။ သို့ဖြစ်၍ စပါးစိုက်ပျိုးရာ တွင် ပေါင်းမြက်ကို အလေးထား ဆောင်ရွက်ရန် ဖြစ်ပါသည်။

စပါးသီးနှံ စိုက်ပျိုးရာ၌ (၁) မြက် (Grasses) (၂) မုန်ညင်း (Sedges) နှင့် (၃) ရွက်ပြားပေါင်း (Broadleafs) ဟူသည့် ပေါင်းပင် အမျိုးအစား သုံးမျိုးလုံး ပေါက်ရောက်လေ့ ရှိပါသည်။

မြက် (Grasses) အမျိုးအစားကို လယ်သမားတိုင်း သိကြသည်။ မြက်များ၏ အရွက်သည် ရှည်လျား ၍ ကျဉ်းမြောင်းပြီး ရွက်ကြောများ ပြိုင်နေသည်။ ပင်စည်မှာ လုံး၍ အခေါင်းပါသည်။ ဝမ်းဘဲစာ၊ မြက်သီး၊ မြက်ချို၊ ဒေါင်းမြီးပျံ စသည် တို့သည် မြက် အမျိုးအစားဝင် ပေါင်းများဖြစ်ပါသည်။

မုံညင်း (Sedges) အမျိုးအစားသည် မြက်နှင့် ဆင်တူသည်။ အရွက် ပုံသဏ္ဍန်၊ ရွက်ကြော အနေ အထား တို့သည် မြက်နှင့် မုံညင်း ခွဲခြား၍ မရနိုင်ပေ။ ထူးခြားသည်မှာ မုံညင်း၏ ပင်စည်မှာ အခေါင်းပိတ် ဖြစ်ပြီး တြိဂံပုံ ဖြစ်သည်။ မုံညင်းအစိမ်း၊ မုံညင်းအဝါ၊ မြက်ကွင်းသီးလေး စသည်တို့သည် မုံညင်း အမျိုးအစားဝင် ပေါင်းများဖြစ်ပါသည်။

ရွက်ပြန့် (Broadleaves) အမျိုးအစားသည် မြက်၊ မုံညင်းတို့နှင့် လုံးဝခြားနားသည်။ အရွက်များသည် ကျယ်ပြန့်၍ ပုံသဏ္ဍန်နှင့် ရွက်ကြောများမှာ အမျိုးမျိုးအဖုံဖုံ ဖြစ်နေသည်။ ကတောက်ဆတ်၊ မှိုနဒို၊ ရေလေးညှင်း၊ လယ်ပဒူ စသည် တို့သည် ရွက်ပြန့်အမျိုးအစားဝင် ပေါင်းများဖြစ်ပါသည်။

ပေါင်းမြက် မနှိမ်နင်းလျင် အထွက်လျော့နည်းမည်။ ဆုံးရှုံးမည်။ စပါးအထွက် ၃၉ မှ ၉၇ ရာခိုင်နှုန်းအထိ ဆုံးရှုံး နိုင်ပါသည်။

ပေါင်းပင်၏ ဆိုးကျိုးများ

စပါး စိုက်ပျိုးရာတွင် ပျိုးထောင် ကောက်စိုက်ခြင်းနှင့် တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်းဟူ၍ ရှိသည်။ ပျိုးထောက် ကောက်စိုက် စပါးခင်းသည် တိုက်ရိုက်အစေ့ချ စိုက်စပါးခင်းထက် ပေါင်းပင်ကို ပို၍ ယှဉ်ပြိုင်ကြီးထွား နိုင်သည်။ တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်းသည် စပါးနှင့် ပေါင်းပင်တို့ပြိုင်တူ ယှဉ်ပြိုင်ကြီးထွားသဖြင့် ပေါင်းဖျက်ဆီးမှု ပိုမို ဆိုးရွားသည်။ ပေါင်းသည် နေရောင်ခြည်၊ အပင်အာဟာရနှင့် ရေတို့ကို စပါးနှင့် ယှဉ်ပြိင်ရယူ စားသုံးသည်။ ပေါင်းပင်က ဤသို့ အပြိုင်ကြီးထွားနေလျှင် စပါးပင်ညံ့ဖျင်း၍ စပါးထွက် လျော့နည်းစေနိုင်သည်။ ပေါင်းပင်သည် နိုက်ထရိုဂျင်‌ မြေသြဇာ၏ အာနိသင်ကို လျော့ပါးစေသည်။ စပါးခင်းကို ပေါင်းမသင် နိုင်ပါက နိုက်ထရိုဂျင် မြေသြဇာ များများထည်‌့လေ စပါးထွက်နည်းလေ ဖြစ်မည်။ ပေါင်းပင်သည် ထည့်လိုက်‌သော နိုက်ထရိုဂျင်‌ မြေသြဇာကို စပါးနှင့် ယှဉ်ပြိင် လုယူစားသုံးသည်။

ပေါင်းမြက်ကြောင့် စပါးအထွက် ဆုံးရှုံးနိုင်မှု

ပေါင်းမြက်ကြောင့် စပါးအထွက် ဆုံးရှုံးမှု အနည်းအများသည် စပါးစိုက် ရေမြေသဘာဝ၊ စိုက်ပျိုးနည်းစနစ်၊ စိုက်ပျိုးသည့် ရာသီ၊ အသုံးပြုသည့်မျိုး၊ ပေါင်းမြက် နှိမ်နင်းသည့် အချိန်၊ ကျွှေးပေးသည့် နိုက်တရိုဂျင် ဓါတ်မြေသြဇာ အနည်းအများ စသည်တို့အပေါ် မူတည်ကြောင်း လေ့လာသိရှိရပါသည်။ စပါးစိုက် ရေမြေသဘာဝအရ ယာစပါး (Upland Rice) တွင် ဆုံးရှုံးမှုများ၍ လယ်စပါး (Lowland Rice) တွင် ဆုံးရှုံးမှု နည်းသည်။

မည်သည့် စပါး စိုက်ရေ မြေ သဘာဝဖြစ်စေ ပေါင်းမြက် ကာကွယ်နှိမ်နင်းရန် လိုကြောင်း လေ့လာမှုရလဒ်များက ညွှန်ပြပါသည်။

စပါးစိုက်ပျိုးနည်း စနစ်အလိုက်မှာ အခြောက်ထရေး အခြောက်မျိုးစေ့ချစနစ် (Dry Direct Seeded Rice Method) တွင် စပါးအထွက် ၂၄ မှ ၉၇ ရာခိုင်နှုန်းအထိ ဆုံးရှုံးပြီး၊ အစိုတမန်းပြင် တိုက်ရိုက်စိုက်စနစ် (Wet Seeded Rice Method) တွင် စပါးအထွက် ၃ မှ ၆၂ ရာခိုင်နှုန်းအထိ ဆုံးရှုံးကာ၊ ပျိုးထောင် ကောက်စိုက်စနစ် (Transplanted Rice Method) တွင် စပါးအထွက် ၂ မှ ၄၆ ရာခိုင်နှုန်း အထိ ဆုံးရှုံးသည်။ မည်သည့် စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးသည် ဖြစ်စေ ပေါင်းမြက် ကာကွယ်နှိမ်နင်းရန် လိုကြောင်း လေ့လာမှုရလဒ်များက ညွှန်ပြပါသည်။

စပါးစိုက်ပျိုးသည့် ရာသီအလိုက်မှာ မိုးရာသီတွင် စိုက်ပျိုးသော စပါး၌ ၁၇ ရာခိုင်နှုန်း ဆုံးရှုံး နိုင် သော်လည်း၊ နွေရာသီတွင် စိုက်သော စပါးမှာ မူ၃၂ ရာခိုင်နှုန်း ဆုံးရှုံံးနိုင်သည်။ နွေစပါးသည် မိုးစပါးထက်ပိုသည်။ စပါးမျိုး အလိုက် ခြားနားမှုများ ရှိပါသည်။ ၎င်းတို့မှာ-

• မနောသုခ ၊ နွေ (၃၅ ရာခိုင်နှုန်း)၊ မိုး (၂၇ ရာခိုင်နှုန်း)
• ဆင်းသွယ်လတ်၊ နွေ (၂၁ ရာခိုင်နှုန်း)၊ မိုး (၉ ရာခိုင်နှုန်း)
• ရေဆင်းလုံးသွယ်၊ နွေ (၂၅ ရာခိုင်နှုန်း)၊ မိုး (၁၀ ရာခိုင်နှုန်း)
• ရွှေသွယ်ရင်၊ နွေ (၃၉ ရာခိုင်နှုန်း)၊ မိုး (၁၈ ရာခိုင်နှုန်း)
• ဆင်းနွယ်ရင်၊ နွေ (၁၄ ရာခိုင်နှုန်း)၊ မိုး (၁၀ ရာခိုင်နှုန်း)
• ဆင်းသွယ်ရင်၊ နွေ (၂၉ ရာခိုင်နှုန်း)၊ မိုး (၁၅ ရာခိုင်နှုန်း)
• ရွှေုမြန်မာ၊ နွေ (၃၁ ရာခိုင်နှုန်း)၊ မိုး (၁၄ ရာခိုင်နှုန်း) ဖြစ်သည်။

သို့ဖြစ်၍ ပျမ်းမျှ၊ နွေ (၃၂ ရာခိုင်နှုန်း) ၊ မိုး (၁၇ ရာခိုင်နှုန်း) ဆုံးရှုံး ပါသည်။ မည်သည့် ရာသီတွင် စိုက်သည် ဖြစ်စေ ပေါင်းမြက် ကာကွယ် နှိမ်နင်းရေးကို အလေးထားရန် လိုကြောင်း လေ့လာမှု ရလဒ်များက ညွှန်ပြ ပါသည်။ အသုံးပြုသည့် စပါးမျိုးအလိုက်မှာ စပါးတစ်မျိုးနှင့် တစ်မျိုး သက်တမ်း၊ အပင်အမြင့်၊ အပင်ပုံစံ၊ ပင်ပွားစွမ်းရည်၊ အရွက်ထွက်ပုံ အနေအထား၊ အရွက်ဧရိယာ စသည် မတူညီသဖြင့် ပေါင်းမြက် အပေါ် ယှဉ်ပြိုင် နိုင်မှု စွမ်းရည်မတူ။ ပေါင်းမြက်ကြောင့် စပါးအထွက် ဆုံးရှုံးနိုင်မှုလည်း မတူပါချေ။ စပါးမျိုး တစ်မျိုးချင်း ဖေါ်ပြရလျင်-

• မနောသုခ၊ (၅ မှ ၄၈ ရာခိုင်နှုန်း)၊ ပျမ်းမျှ (၃၁ ရာခိုင်နှုန်း)
• ဆင်းသွယ်လတ်၊ (၂ မှ ၃၈ ရာခိုင်နှုန်း)၊ပျမ်းမျှ (၁၂ ရာခိုင်နှုန်း)
• ဆင်းသုခ၊ (၉ မှ ၁၉ ရာခိုင်နှုန်း)၊ ပျမ်းမျှ (၁၄ ရာခိုင်နှုန်း)
• ရွှေသွယ်ရင်၊ (၃ မှ ၆၂ ရာခိုင်နှုန်း)၊ ပျမ်းမျှ (၃၃ ရာခိုင်နှုန်း)
• သီးထပ်ရင်၊ (၁၃ မှ ၃၁ ရာခိုင်နှုန်း)၊ ပျမ်းမျှ (၂၂ ရာခိုင်နှုန်း)
• ရေဆင်းလုံးသွယ်၊ (၂ မှ ၃၃ ရာခိုင်နှုန်း)၊ ပျမ်းမျှ (၁၆ ရာခိုင်နှုန်း)
• ရွှေမြန်မာ၊ ( ၅ မှ ၃၆ ရာခိုင်နှုန်း)၊ ပျမ်းမျှ (၁၉ ရာခိုင်နှုန်း)
• ရွှေပြည်ဌေး၊ (၂ မှ ၂၃ ရာခိုင်နှုန်း)၊ ပျမ်းမျှ (၁၂ ရာခိုင်နှုန်း)
• ဆင်းသွယ်ရင်၊ (၁၂ မှ ၃၁ ရာခိုင်နှုန်း)၊ ပျမ်းမျှ (၂၂ ရာခိုင်နှုန်း)နှင့်
• ဆင်းနွယ်ရင်၊ (၅ မှ ၂၃ ရာခိုင်နှုန်း)၊ ပျမ်းမျှ (၁၂ ရာခိုင်နှုန်း)ဖြစ်ပါသည်။

အချုပ်အားဖြင့် လေ့လာခဲ့သော သက်လျင် သက်လတ် အထွက်ကောင်း စပါးမျိုးများတွင် အနည်းဆုံး ၂ ရာခိုင်နှုန်း မှ အများဆုံး ၆၂ ရာခိုင်နှုန်း၊ ပျမ်းမျှ အားဖြင့် ၁၉ ရာခိုင်နှုန်း ပေါင်းမြက်ကြောင့် အထွက် ဆုံးရှုံးပါသည်။

မည်သည့် မျိုးကို စိုက်ပျိုးသည် ဖြစ်စေ ပေါင်းမြက် ကာကွယ် နှိမ်နင်းရေးကို အလေးထားရန် လိုကြောင်း လေ့လာမှု ရလဒ်များက ညွှန်ပြပါသည်။ ပေါင်းမြက် နှိမ်နင်းသည့် အချိန်ကာလအပေါ် မူတည်မှုမှာ ယေဘုယျ အားဖြင့် မည်သည့် သီးနှံဖြစ်စေ သီးနှံပင် သက်တမ်း၏ သုံးပုံတစ်ပုံ ကာလအတွင်း ပေါင်းမြက် ကင်းစင်အောင် နှိမ်နင်းရန် လိုပါသည်။ ပေါင်းမြက် မနှိမ်နင်းပါက စပါးအထွက် ဆုံးပါသည်။

အစိုတမန်းပြင်စိုက် မနောသုခ စပါးမျိုးတွင် မျိုးစေ့ချပြီးသည်မှ ရက်ပေါင်း ၄၀ အတွင်း ပေါင်းမြက် မနှိမ်နင်းက စပါး အထွက် ၂၅ မှ ၄၃ ရာခိုင်နှုန်း၊ ရင့်မှည့်သည်ထိ ပေါင်းမြက် မနှိမ်နင်းက စပါးအထွက် ၄၅ မှ ၄၈ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရသည်။ ပေါင်းမြက်ကင်းစင် ကာလသည် အရေးပါကြောင်း လေ့လာမှုရလဒ်များက ညွှန်ပြပါသည်။

နိုက်တရိုဂျင် ဓါတ်မြေသြဇာ ကျွေးပေးမှုအပေါ် မူတည်မှုမှာ စပါးစိုက်ခင်းကို ကျွေးပေးသည့် နိုက်တရိုဂျင် ဓါတ်မြေသြဇာ အနည်းအများ အလိုက်ပေါင်းကြောင့် စပါးအထွက် ဆုံးရှုံးမှုမတူညီချေ။

နွေရာသီ အစိုတမန်းပြင် တိုက်ရိုက် မျိုးစေ့ချစိုက် မနောသုခတွင် ယူရီးယားဓါတ်မြေသြဇာ ကျွေးပေးလေ၊ ပေါင်းမြက်ကြောင့် စပါးအထွက်ဆုံး ရှုံးလေ ဖြစ်ကြောင်း တွေ့ရှိ ဘူးသည်။ ရွှေသွယ်ရင် စပါးမျိုးတွင် ယူရီးယားဓါတ်မြေသြဇာ လုံးဝမကျွေးသော အခြေအနေ၌ ပေါင်းမြက်ကြောင့် စပါးအထွက် ဆုံးရှုံးမှု အနည်းဆုံးဖြစ်ကြောင်း တွေ့ရှိဘူးသည်။ ယူရီးယားဓါတ်မြေသြဇာ ကျွေး သည်နှင့် အမျှ ပေါင်းမြက်ကြောင့် စပါးအထွက် ဆုံးရှုံးနိုင်သည်။ ပေါင်းမြက်မနှိမ်နင်းပါက၊ နိုင်တရိုဂျင် ဓါတ်မြေသြဇာ တိုး၍ သုံးစွဲသော်လည်း စပါးအထွက် ပိုမိုခြင်းမရှိပေ။ နိုက်တရိုဂျင် ဓါတ်မြေသြဇာ မကျွေးမီ ပေါင်းမြက် ကင်းစင်အောင် နှိမ်နင်းရန် လိုကြောင့် သုတေသန ရလဒ်များက ဖေါ်ပြပါသည်။

ပေါင်းမြက်အပေါ် ယှဉ်ပြိုင်နိုင်စွမ်း (Competitive ability against weeds)

ပေါင်းမြက်ပင်များသည် ရေ (Water)၊ အာဟာရ (Nutrients)၊ နေရောင်ခြည် (Sunlight) နှင့် နေရာ (Space) တို့အတွက် စိုက်ပျိုးသီးနှံနှင့် ယှဉ်ပြိုင်သည်။ အကျိုးဆက်အားဖြင့် သီးနှံပင်ကို ကြီးထွားဖြစ်ထွန်းမှု ညံ့စေ သည်။ အထွက် ဆုံးရှုံးစေသည်။ စပါးသီးနှံတွင် ပေါင်းမြက်ပင်များသည် ကျွေးပေးလိုက်သော နိုက်တရိုဂျင် အာဟာရကို ရရှိရန် ယှဉ်ပြိုင်သည်။ ပေါင်းမြက်ကို ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းသည့် စပါးမျိုး၏လက္ခဏာများမှာ-

• ပင်ပိုင်း ကြီးထွားမှုကာလ အစပိုင်း ဖွံ့ဖြိုးမှုကောင်းမွန်ခြင်း (early vegetative vigor)
• အရွက်ဧရိယ ကြီးမား များပြားခြင်း (a large leaf area)
• ရွက်ဝှန်းဧရိယာ ဖုံးလွှမ်းမှု လျင်မြန်ခြင်း (a quick canopy cover)
• အပင် အရပ်ရှည်ခြင်း (a tall stature)
• ကြီးထွားမှု အစောပိုင်း ကာလတွင် နိုက်တရိုဂျင် စုပ်ယူစားသုံးမှု အားကောင်းခြင်း (a high nitrogen absorption in early growth stage)

အတန်းစိုက် စပါးခင်းများ၌ အတန်းစိပ်စိပ်စိုက်ခြင်း၊ ရိုးရိုးစိုက်စပါးခင်း များ၌ ကောက်ကွက် စိပ်စိပ်စိုက်ခြင်း တို့သည် ပေါင်းမြက်ကို ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းစေပါသည်။

စပါးပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း
(Weed control on rice)

စပါးသီးနှံ ပေါင်းမြက် ကာကွယ် နှိမ်နင်းရာတွင် (၁) သွယ်ဝိုက်သောနည်း (Indirect method)နှင့် (၂) တိုက်ရိုက်နည်း (Direct method) ဟူသည့် နည်းလမ်း နှစ်သွယ်လုံးဖြင့် ဆောင်ရွက်ရန် ဖြစ်ပါသည်။

(၁)သွယ်ဝိုက်သောနည်း(Indirect method)ဖြင့်ပေါင်းမြက်ကာကွယ်ခြင်း

လယ်ယာ လုပ်ငန်းများကို စနစ်တကျပီပြင်စွာ ဆောင်ရွက်ခြင်းသည် ပေါင်းမြက်ကို သွယ်ဝိုက်သောနည်း (Indirect method) ဖြင့် ကာကွယ်ခြင်းပင် ဖြစ်ပါသည်။ နည်းလမ်းများမှာ-

• မြေပြုပြင်ခြင်း (Land preparation)
• ကြိုတင်ပေါင်းမြက် ကင်းစေသော နည်းလမ်းများကို ဆောင်ရွက်ခြင်း (Preventive weed control)
• သီးနှံပင်ကို ပေါင်းပင်အား ယှဉ်ပြိုင်ကြီးထွားစေခြင်း (Crop competition)
• စနစ်တကျ ရေထိန်းသိမ်းခြင်း (Water management)
• သီးနှံအလှည့်ကျ စိုက်ပျိုးခြင်း (Crop rotation)တို့ဖြစ်ပါသည်။

သွယ်ဝိုက်သောနည်း (Indirect method) ဖြင့် ပေါင်းမြက်ကာကွယ်သည့် နည်းလမ်း များသည် ပေါင်းမြက် ပေါက်ရောက်မှု၊ နှိမ်နင်းရမှုနှင့် ပေါင်းမြက်ကြောင့် ဆုံးရှုံးမှုတို့ကို သက်သာစေပါသည်။

ကြိုတင် ပေါင်းမြက်ကင်းစေသော နည်းလမ်းများကို ဆောင်ရွက်ခြင်း (Preventive weed control)

ဤနည်းသည် သွယ်ဝိုက်သောနည်း (Indirect method) ဖြင့် ပေါင်းမြက်ကာကွယ်ခြင်း လုပ်ငန်းများအနက် အရေးပါသည့် နည်းလမ်း တစ်ခုဖြစ်သည်။ နည်းလမ်းများမှာ-

• ပေါင်းစေ့ကင်းသော မျိုးစေ့ကို အသုံးပြုခြင်း (Use clean seeds)
• ပျိုးခင်း၌ ပေါင်းမြက် ကင်းစင်စေခြင်း (Keep seed-bed weed-free)
• ကန်သင်းနှင့် ရေသွင်းမြောင်းများကို သန့်ရှင်းအောင် ထားရှိခြင်း (Keep leaves and irrigation canal clean)
• လယ်ယာသုံး ကိရိယာနှင့် စက်များကို သန့်ရှင်းအောင် ထားရှိခြင်း (Keep tools and machinery clean)
• လယ်မြေ ပတ်ဝန်းကျင်သို့ ကျွှဲနွားတိရ စ္ဆာန်များ လာရောက်မှု မရှိစေခြင်း (Keep livestock out of field)
• ပေါင်းပင်မှ မျိုးစေ့များ ကျရောက်ပြန့်နှံ့မှုကို ကာကွယ်ခြင်း (Prevent weeds from seeding)
• ပေါင်းပင်များ၏ ပင်ပိုင်းမျိုးပွားမှုကို ကာကွယ်ခြင်း (Prevent vegetative reproduction) တို့ ဖြစ်ပါသည်။

• ဖေါ်ပြပါ လယ်ယာလုပ်ငန်းများကို စနစ်တကျ ပီပြင်စွာ ဆောင်ရွက်ခြင်း သည် ပေါင်းကင်း စင်စေမှုကို များစွာ အထောက်အကူ ပြုပါသည်။

သီးနှံပင်ကို ပေါင်းပင်အား ယှဉ်ပြိုင်ကြီးထွားစေခြင်း (Crop competition)

ဤနည်းသည် သွယ်ဝိုက်သောနည်း (Indirect method)ဖြင့် ပေါင်းမြက် ကာကွယ်ခြင်း လုပ်ငန်းများအနက် အရေးပါသည့် နည်းလမ်း တစ်ခုဖြစ်သည်။ စပါးပင်အား ပေါင်းပင်နှင့် ယှဉ်ပြိုင်ကြီး ထွားစေခြင်းသည် စပါးစိုက်နည်း စနစ်၊ အသုံးပြုသည့် စပါးမျိုး၊ ကောက်ပင် အစိတ်အကဲျ၊ ဓါတ်မြေသြဇာ ကျွေးခြင်း စသည် တို့ပေါ်တွင် မူတည်နေသည်။ စပါးစိုက်နည်း စနစ် (Method of planting) အရမှာ ပျိုးထောင် ကောက်စိုက် စပါးခင်း (Transplanted rice) သည် အစေ့တိုက်ရိုက်စိုက် စပါးခင်း (Direct seeded rice) ထက် ပေါင်းပင်ကို ပို၍ ယှဉ်ပြိုင် ကြီးထွားနိုင်သည်။ စပါးမျိုး (Rice variety) အရမှာ ဒေသစပါးမျိုးများ (Traditional varieties) သည် စပါးမျိုးသစ်များ (Modern varieties) ထက် ပေါင်းပင်ကို ပို၍ ယှဉ်ပြိုင်ကြီးထွား နိုင်သည်။

ကောက်ပင် အစိတ်အကြဲ (Plant density) အရမှာ ကောက်ကွက် စိပ်စိပ်စိုက်ခြင်းသည် ပေါင်းပင်ကို ပို၍ ယှဉ်ပြိုင်ကြီးထွား နိုင်သည်။ ဓါတ်မြေသြဇာ ကျွေးခြင်း (Fertilizer application) အရမှာ ပေါင်းပင် များသည် စပါးပင်ထက် အာဟာရကို ပို၍ စုပ်ယူနိုင်သည်။ စပါးပင်အား ပေါင်းပင်နှင့် ယှဉ်ပြိုင်ကြီးထွား စေခြင်းသည် ပေါင်းကင်း စင်စေမှုကို များစွာ အထောက်အကူပြုပါသည်။

(၂)တိုက်ရိုက်နည်း (Direct method) ဖြင့် ပေါင်းမြက် ကာကွယ်နှိမ်နင်းခြင်း

သွယ်ဝိုက်သောနည်း (Indirect method) ဖြင့် ကာကွယ်ခြင်း မဟုတ်ဘဲ စပါးခင်းတွင် ပေါက်ရောက် လာသော ပေါင်းမြက်များအား တိုက်ရိုက်နှိမ်နင်းခြင်း နည်းလမ်းဖြစ်ပါသည်။ နည်းလမ်းများမှာ-
• လူလုပ်အားဖြင့် နှိမ်နင်းခြင်း (Manual weeding)
• ကိရိယာကို အသုံးပြု၍ နှိမ်နင်းခြင်း (Mechanical weeding)
• ပေါင်းသတ်ဆေး ဖြန်းနှိမ်နင်းခြင်း (weeding with Herbicides) တို့ဖြစ်သည်။

လူလုပ်အားဖြင့် နှိမ်နင်းခြင်း (Manual weeding)

စပါးခင်းတွင် ပေါက်ရောက်လာသော ပေါင်းမြက်များအား တိုက်ရိုက်နည်း (Direct method) ဖြင့် နှိမ်နင်းသည့် နည်းလမ်း တစ်ခုဖြစ်သည်။ နည်းလမ်းများမှာ-
• ပေါင်းမြက်များအား လက်ဖြင့် (Hand) နှုတ်ခြင်း
• ခြေဖြင့် (Foot) နင်းချေခြင်း
• ယာစပါး၊ ကုန်းမြင့်စပါး၊ အခြောက်စိုက် စပါးခင်းများတွင် လယ်ယာသုံးပစ္စည်း (ပေါက်ပြား၊ တူရွင်း စသည်-)(Tools) တို့ကို အသုံးပြု၍ နှိမ်နင်းခြင်းတို့ ဖြစ်ပါသည်။

ကိရိယာကို အသုံးပြု၍ နှိမ်နင်းခြင်း (Mechanical weeding)

စပါးခင်းတွင် ပေါက်ရောက် လာသော ပေါင်းမြက်များအား တိုက်ရိုက်နည်း (Direct method) ဖြင့် နှိမ်နင်းသည့် နည်းလမ်း တစ်ခုဖြစ်သည်။ နည်းလမ်းများမှာ-
• စပါးစိုက်တန်းကြား၌ ပေါက်ရောက်သော ပေါင်းမြက်များအား လည်ပတ်လိမ့်နိုင်သော ပေါင်းလိုက် ကိရိယာ (Rotary weeder) ကို အသုံးပြု၍ ရှေ့တိုးနောက်ဆုတ် တွန်းခြင်းဖြင့် နှိမ်နင်းခြင်း
• အတန်းလိုက် စိုက်ပျိုးသော ယာစပါး၊ ကုန်းမြင့်စပါး၊ အခြောက်စိုက် စပါးခင်းများတွင် ဘီးဖြင့် ပေါင်းလိုက်ကိရိယာ (High Wheel) စသည် အသုံးပြု၍ နှိမ်နင်းခြင်းတို့ ဖြစ်ပါသည်။

ပေါင်းသတ်ဆေးဖြန်းနှိမ်နင်းခြင်း(Weeding with Herbicides)

စပါးခင်းတွင် ပေါက်ရောက်လာသော ပေါင်းမြက်များအား တိုက်ရိုက်နည်း (Direct method) ဖြင့်နှိမ်နင်းသည့် နည်းလမ်း တစ်ခုဖြစ်သည်။ နည်းလမ်းများမှာ-
• စပါးမစိုက်မီ စိုက်ခင်း၌ (Pre-plant) ပေါက်ရောက်နေသော ပေါင်းမြက်များအား သော်လည်းကောင်း၊
• စပါးခင်း၌ စပါးစိုက်ပြီး ပေါင်းမြက်ပင်များ မပေါက်ရောက်မီ (Pre- emergence) ကြိုတင် ၍ သော်လည်းကောင်း၊
• စပါးစိုက်ပြီး ပေါင်းမြက်ပင်များ ပေါက်ရောက်လာချိန်၌ (Post-emergence) သော် လည်းကောင်း၊ ပေါင်းမြက်ပင်များ အားသေစေရန် (သို့မဟုတ်) ကြီးထွားဖွံ့ဖြိုးမှုကို ဟန့်တားရန် ဓါတုဆေး အသုံးပြု၍ နှိမ်နင်းခြင်း ဖြစ်ပါသည်။

ကနဦး ပေါင်းသတ်ထွန်ရေး
(Blind cultivation)

သီးနှံစိုက်ပျိုးပြီး အပင်မပေါက်မီ၊ စိုက်ခင်း အပေါ်ယံမြေလွှာကို ချွန်ထက်သော အသွားတပ်ထားသည့် ထွန် (သို့မဟုတ်) လယ်ယာသုံး ကိရိယာတစ်ခုခု အသုံးပြုကာ ကနဦး ပေါင်းသတ်ထွန်ရေး ဝင်ပေးနိုင် သည်။ ပေါက်ကာစ ပေါင်းမြက်များကို သေသွားစေသည်။ စိုက်ပျိုးထားသည့် သီးနှံမျိုးစေ့ အပင်ပေါက်မှုကို လျင်မြန် စေသည်။ သတိပြု သင့်သည်မှာ ထွန်ရေး မနက်ရှိုင်း စေရပေ။ မြေသား အပေါ်ယံလွှာ သာ ဖြစ်ရပါမည်။ ယာစပါး စိုက်ခင်း နှင့် ယာသီးနှံ စိုက်ခင်းများ ပေါင်းမြက် ကာကွယ်နှိမ်နင်းရေးအတွက် အသုံးပြုသင့်ပါသည်။

Stale seed bed technique

ပေါင်းမြက် ကာကွယ် နှိမ်နင်းနည်း တစ်မျိုး ဖြစ်ပါသည်။ လယ်ယာမြေကို သီးနှံမစိုက်မီနှစ်ပတ်အလိုတွင် ကြိုတင်၍ ထယ်ရေး လုပ်ရပါမည်။ ဆက်လက်၍ ထယ်ရေးထွန်ရေး ပြုပြင်ခြင်း မပြုဘဲ ပေါင်းမြက်ပင်များကို အပေါက်ခံ ရပါမည်။ ပေါက်ရောက်လာသော ပေါင်းမြက်ပင်များ အပင်ပေါက် စုံပါက ထိုပေါင်းမြက်ပင်များ၏ အရွက် နှစ်ရွက်မှ သုံး ရွက် ထွက်ချိန်တွင် ထပ်မံထယ်ရေး လုပ်ခြင်း၊ Postemergence ပေါင်းသတ်ဆေး တစ်မျိုးမျိုး အသုံးပြု၍ ပက်ဖျန်းခြင်း စသည့် တစ်နည်းနည်းဖြင့် ပေါင်းမြက်ပင်များကို သတ်ပစ်ရပါမည်။ ၎င်းနောက် ပုံမှန် ထယ်ထိုးထွန်မွှေ ထွန်ရေးပြုပြင် ကာ သီးနှံစိုက်ပျိုးရန် ဖြစ်ပါသည်။ ဤနည်းသည် ပေါင်းမြက်ပင်များ အပေါက်ခံ၍ သုတ်သင် ရှင်းလင်းသည့် နည်းစနစ် ဖြစ်ပါသည်။

ဘက်စုံပေါင်းမြက် ကာကွယ်နှိမ်နင်းနည်း စနစ် (Integreated Weed Management)၊

စပါးခင်းတွင် တမန်း ညက်အောင် ထွန်ယက် ပေးခြင်းသည် ပေါင်းနှိမ်နင်းနည်း တစ်မျိုး ဖြစ်သည်။ ညက်ညက် မထွန်သည့် အပြင် ကြမ်းတုံး ဖြင့်လည်း ညီအောင် ညှိမပေးလျှင် ရေနေမညီပဲ ပေါင်းပင်များ ပေါက်စေနိုင်သည်။ ပေါင်းပင် နှိမ်နင်းရာတွင် လက်ဖြင့် ပေါင်းလိုက်ခြင်းသည် လွယ်ကူသော်လည်း အချိန်ကုန်သည်။ တမန်းနိုး ပေါင်းသင် ကိရိယာ ဖြင့် ပေါင်း လိုက် ခြင်းမှာ လက်ဖြင့် ပေါင်းလိုက်ခြင်းထက် အလုပ်တွင်၍ ခရီး ရောက်သည်။ တမန်းနှိုး ပေါင်းသင် ကိရိယာ သုံးနိုင်ရန် အတန်းလိုက် စိုက်ရမည်။ တန်းနှိုးပေါင်းလိုက် ကိရိယာ မသုံးမီ လယ်ထဲမှရေကို အနေတော် ဖြစ်အောင် ထုတ်ပေးရမည်။ ရေကို စနစ်တကျ ထိန်းသိမ်း ပေးခြင်းဖြင့်လည်း ပေါင်းနှိမ်နင်း နိုင်သည်။ ပေါင်းမျိုးစေ့ အများစု သည် ရေအောက်၌ အပင် စတင်မပေါက်နိုင်ကြပါ။ လယ်ကွက် တွင် ရေနှစ်လက်မမှ လေးလက်မ အထိ လှောင် ထားခြင်းဖြင့် မြက်နှင့် မုန်ညှင်းမျိုး အချို့ကို ကာကွယ်နိုင်သည်။

အပင် စိပ်စိပ်စိုက်ခြင်းအဖြစ် တိုက်ရိုက် မျိုးစေ့ချ စိုက်ပျိုးရာ၌ မျိုးစေ့နှုန်းများစွာ အသုံးပြုခြင်းဖြင့်လည်း နှိမ်နင်းနိုင်သည်။ စပါးပင် စိပ်လွန်းလျှင် အလင်းရောင် ကောင်းစွာမရသဖြင့် ပေါင်းစေ့များ အပင် မပေါက် နိုင်ပါ။ ပေါင်းနည်းပါး သွားနိုင်သည်။ ပေါင်းပင်များကို ပေါင်းသတ်ဆေးဖြင့်လည်း နိမ်နင်း နိုင်သည်။ ပေါင်းသတ်ဆေး သုံးစွဲရာတွင် ဆေးအမျိုးအစား၊ ဆေးနှုန်းထား၊ ဆေးဖျန်းရမည့် အချိန်တို့ကို မှန်ကန်စွာ ဆောင်ရွက်ရန် လိုသည်။ ပေါင်းပင် များကို နှိမ်နင်း ရာတွင် နှိမ်နင်းနည်း တစ်မျိုးတည်း ဆောင်ရွက်ခြင်းဖြင့် ထိရောက်သည့် ကာကွယ်မှုကို မပေးနိုင်ပါ။ စပါးစိုက်ပျိုးရန် မြေပြုပြင်သည်မှ စ၍ စပါးအပင်ပွား စည်းမှု ကာလကုန်ဆုံး သည်အထိ ဘက်စုံ ပေါင်းမြက်ကာကွယ် နှိမ်နင်းနည်းစနစ်ကို ကျင့်သုံး၍ စပါးအထွက် မလျော့နည်းစေရေး ဆောင်ရွက်ရန် လိုအပ် ပါသည်။

Credit>>SinThiHa

Share this article

About us

We established Myanma Shwe Nagar Agricultural Group Co.,Ltd since 2004 in Myanmar .

 

We had mainly invested in agriculture by doing production and distribution of Fertilizers, insecticides, herbicides and some plants growth regulators, hormones which all are essential inputs used in all farms to get crop high yield.

Last posts

Contact Us

 No.402 ,U Phoe Hlaing Street Shwe Lin Ban Industrial Zone Hlaing Thar Yar Tsp,Yangon, Myanmar .

 myanmashwenagaroffice@gmail.com

 09253322255, 09253322266, 09253322277, 09253322288,09450601897